Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

ကာလာမသုတ္တန်လာ ပညာသင်ကြားရေးကို ငေးကြည့်ခြင်း

0 comments

နိုင်ငံတခုရဲ့ နှလုံးပမာအရေးကြီးတဲ့အရာကတော့ ပညာရေးစနစ် ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်မှာ အုတ်အော်သောင်းနင်း ဖြစ်နေတဲ့ နိုင်ငံ့အရေးကိစ္စတခုကတော့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု ဖြစ်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်များ အနေနဲ့လည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့  ပညာရေး စနစ်တခုလုံးကို ပြုပြင်ပြောင်းလဲဖို့ ဆော်အော်လာကြတယ်။ အနှေးနဲ့အမြန်ဆိုသလို ပညာရေး စနစ်တခုလုံး ပြောင်းလဲဖို့ ဖြစ်လာမှာပါ။
မြန်မာနိုင်ငံမှာ နိုင်ငံရေးစနစ်နဲ့အတူ ပညာရေးစနစ် ပြုပြင်ပြောင်းလဲလာတဲ့အခါ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အဓိကဗဟိုချက်မမှာ ရှိနေတဲ့ ဗုဒ္ဓဘာသာ ပညာသင်ကြားရေးကလည်း ဘယ်လိုခရီးဆက်မလဲ ဆိုတာ သိပ်စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တချက်ဖြစ်လာပါတယ်။ လက်ရှိရှိနေတဲ့ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ ပညာသင်ကြားရေးစနစ်က ခေတ်စနစ်နဲ့ လိုက်လျောညီထွေရှိရဲ့လားဆိုတဲ့ မေးခွန်းပေါ်ပေါက်လာပါတယ်။
လက်ရှိ ခေါက်ရိုးကျိုးနေတဲ့ မြန်မာ့ပညာရေးစနစ်ကို ပြောင်းလဲဖို့လိုအပ်သလို ဗုဒ္ဓဘာသာပညာသင်ကြားရေး စနစ်ကိုလည်း ဗုဒ္ဓရဲ့ဆိုဆုံးမမှုတွေနဲ့အညီ ပြောင်းလဲသင့်တဲ့ ကိစ္စတခုဖြစ်လာပါတယ်။ ဗုဒ္ဓရဲ့လမ်းစဉ်က တွေးတောဆင်ခြင်မှု အင်မတန်မှ လွတ်လပ်တဲ့ ဘာသာတရားဖြစ်တယ်ဆိုတာ ကာလမသုတ်ကို ဖတ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ကာလမသုတ်က ဒီလို ပြောထားပါတယ်။
ကာလာမမင်းတို့ “သင်တို့သည်ပြောသံ ကြားကာမျှဖြင့် ဟုတ်ပြီ မှန်ပြီဟု အတည် မယူနဲ့”
“အစဉ်အဆက် စကားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု အတည် မယူနဲ့”
“ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူနဲ့”
“ပိဋကတ် မိမိတို့ရှေးဟောင်းကျမ်းဂန် စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း
ဟုတ်ပြီ မှန်ပြီဟု အတည် မယူနဲ့”
“ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု အတည် မယူနဲ့”
“နည်းမှီးယူခြင်းမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု အတည် မယူနဲ့”
“အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူနဲ့”
“ငါတို့ ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း ဟုတ်ပြီ မှန်ပြီဟု အတည် မယူနဲ့”
“ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း ဟုတ်ပြီ မှန်ပြီဟု အတည် မယူနဲ့” လို့ဟောခဲ့တာကို ကြည့်ရင် ဗုဒ္ဓဟာ လွတ်လပ်စွာ စဉ်းစားတွေးခေါ်တဲ့ (Freedom of Expression) ကိုနှစ်သက်ခဲ့တာကို တွေ့ရပါတယ်။
ဗုဒ္ဓဘာသာ ထွန်းလင်းတောက်ပနေတယ်လို့ ဟစ်ကြွေးနေတဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ပညာသင်ကြားရေးစနစ်က ဗုဒ္ဓဟောခဲ့တဲ့ လမ်းစဉ်အတိုင်းလား၊ လက်ရှိ ရဟန်းပညာရှိ (သို့မဟုတ်)။ အာဏာပိုင်တွေက အုပ်ချုပ်ရေးအာဏာကို ထိပါးလာမှာကြောက်တဲ့အတွက် လွဲမှားတဲ့ သင်ကြားရေးစနစ်ကို ကျင့်သုံးနေသလားဆိုတာ ဆန်းစစ်ရပါမယ်။
အခုလက်ရှိ ကျင့်သုံးနေတဲ့ ဗုဒ္ဓဘာသာ ပညာရေးသင်ကြားရေးစနစ်ကျတော့ ကာလမ သုတ္တံနဲ့ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ လွတ်လပ်စွာတွေးတော ဆင်ခြင်ခြင်းကို မျက်ကွယ်ပြုပြီး အာဂုံဆောင်တဲ့ ပညာရေးစနစ်ကို ကျင့်သုံးနေတယ်။ တနည်းပြောရရင် အာဏာရှင်ဆန်တဲ့ ဗုဒ္ဓဘာသာ ပညာသင်ကြားရေး စနစ်ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ မဟာချူလာလောင်ကောင် တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ရဟန်းတော် ဦးရေ၀တကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဗုဒ္ဓဘာသာ ပညာသင်ကြားရေး စနစ်က ဗုဒ္ဓ၀ါဒလာ ကာလမ သုတ္တံနဲ့ မညီဘူးလို့ ပြောပါတယ်။
“ဦးဇင်းတို့သင်ကြားခဲ့တဲ့ ဗုဒ္ဓဘာသာ ပညာရေးစနစ်မှာ အာဂုံဆောင်တာကိုပဲ အားပေးတယ်၊ အာဂုံရမှ အာဂလူ ဆိုတဲ့ ဆိုးရိုးစကားကို ဆရာသမားတွေကလည်းလက်ခံကြတယ်၊ အားပေးကြတယ်။ စီစစ်ဝေဖန်မှု၊ ထီထွင်ကြံဆ မှုကိုအားမပေးကြဘူး။ အထူးသဖြင့် ဝေဖန်ကြံဆတာကိုလက်မခံကြဘူး။ ဒီလိုဖြစ်နေတာဟာ ရှေးရိုးစွဲဆရာတော်ကြီးအချို့နဲ့ အစိုးရရဲ့ အုပ်ချုပ်မှုကြောင့်လို့ ထင်ပါတယ်” ဟုပြောဆိုခဲ့ပါတယ်။
ခေတ်ဟောင်း အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ပညာသင်ကြားရေး စနစ်မှာ ဒီနေ့ခေတ် ပြောနေတဲ့ Critical Thinking, Student Centered နည်းစနစ်သုံးခဲ့တာကို တရုတ်ရဟန်းတော် တပါးဖြစ်တဲ့  ယိချင်ရဲ့ Record of the Buddhist Religion (Chapter XXXIV) မှတ်တမ်းမှာ တွေ့နိုင်ပါတယ်။ ဒီနေ့ခေတ် ဟားဗတ်တက္ကသိုလ်လို နာမည်ကျော်ခဲ့တဲ့ အိန္ဒိယနိုင်ငံက နာလန်ဒတက္ကသိုလ် ပညာသင်ကြားရေး စနစ်ကို အခုလို မှတ်တမ်းတင်ခဲ့ပါတယ်။
“နာလန္ဒာတက္ကသိုလ်မှာ ဆင်ခြေလျှောက်လဲခြင်းပညာရပ်သည် အလွန်ကျော်ကြားပြီး စာသင်သားများ အနေနှင့် ဆင်ခြေလျှောက်လဲခြင်းကို လေ့ကျင့်ကြခြင်းအားဖြင့် နေ့တာတိုသည်ဟူ၍ ထင်ရကြောင်း လွတ်လပ်စွာ ဆင်ခြေတက် အဆိုအခြေများဖြင့် ငြင်းခုံကာ ပညာဆည်းပူး လေ့လာကြရကြောင်း ရေးသားထားပါတယ်” ဒါက အေဒီ (၇) ရာစုလောက်က ဗုဒ္ဓဘာသာ ပညာသင်ကြားရေးစနစ်ကိုမှတ်တမ်း တင်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့ပြောင်းလဲနေတဲ့ ကမ္ဘာကြီးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာတွေနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့လိုအပ်လာပါတယ်။ ဒီလိုပြုပြင်နိုင်မှ ဗုဒ္ဓဘာသာပညာရှင်တွေဟာ ကမ္ဘာမှာပွဲလယ်တင့်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်မှာ ရဟန်းတော်တွေရဲ့ အခန်းကဏ္ဍက မသေးဘူးဆိုတာကို မျက်ဝါးထင်ထင်တွေ့ မြင်နေရပါတယ်။
ဒါကြောင့် လောကီကျောင်းတွေ အပြင် ဗုဒ္ဓဘာသာ ပညာသင်ကျောင်တွေမှာသင်ကြားတဲ့ (အဘိဓမ္မာ၊ သုတ္တံ၊ ၀ိနည်း) တွေကို ရှုထောင့်အမျိုးမျိုးကနေ ချဉ်းကပ်သင်ကြားတဲ့ နည်းစနစ်တွေကိုသုံးပြီး နိုင်ငံ့ရဲ့ပြောင်းလဲမှု တွေနဲ့အတူ ပြောင်းလဲသင့်တယ်လို့ ယူဆမိပါတယ်။
ထိုင်းနိုင်ငံရဲ့ ဗုဒ္ဓ၀ါဒ အပေါ်ချဉ်းကပ် သင်ကြားမှုက ခေတ်ရှေ့ကိုပြေးနေတာကို တွေ့ရပါတယ်။ ထိုင်းလူမျိုး ရဟန်းတော်တွေ ဖြစ်တဲ့ Santikalo Bikkhu, Phra Suthiwornyarn, Iam Tongdee တို့ဟာ ခေတ်ဟောင်းဗုဒ္ဓစာပေ သင်ကြားရေးကနေ ခွဲထွက်ပြီး ဗုဒ္ဒဘာသာနဲ့ နိုင်ငံမှာဖြစ်ပေါ်နေတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ ဆက်နွယ်နေမှုကို လူမှုရေးသိပ္ပံရှုဒေါင့် ကနေ ဝေဖန်ရေးသားလာတာကို တွေ့ရပါတယ်။ အထက်ပါ ရဟန်းတွေ ရေးတဲ့ Buddhist Ideology on Civil Society, Buddhism and Civil Society လိုကျမ်းတွေက ဘာသာရေးနဲ့ လူမှုရေး၊ နိုင်ငံရေး ပတ်သက်နေမှုကို စနစ်တကျ ရှာဖွေလာကြတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံရဲ့ ဘာသာရေးဆိုင်ရာ သင်ကြားမှုကပေးလိုက်တဲ့ ရလဒ်ကောင်းတွေလို့ ပြောလို့ရပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့လူဘောင်မှာ ဗုဒ္ဓဘာသာရဲ့ အခန်းကဏ္ဍကို ချန်ထားလို့မရနိုင်ကြောင်းတွေ့ရပါတယ်။ လူထုအခြေပြု အဖွဲ့အစည်းတွေကို ရဟန်းတော်တွေက ဦးဆောင် ဦးရွက်ပြုနေကြတာဟာ အင်မတန်မှ အားရဖွယ် ကောင်းလှပါတယ်။
ဒါပေမယ့် မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းမှာ ဗုဒ္ဓဘာသာရဲ့ အခန်းကဏ္ဍကို မြှင့်တင်မယ် ဆိုရင် Civil Society တွေကနေ “ နိုင်ငံသား အသိစိတ်ဓါတ်တွေ” “ ဂိုဏ်းဂဏမစွဲဘဲ အစုအဖွဲ့၊ အသင်းအပင်းနဲ့ လုပ်ဆောင်တတ်တဲ့ဓလေ့” “ ချိတ်ဆက် ဆောင်ရွက်မှုတွေ” အလျားလိုက် တပြေးညီ ဆက်ဆံမှုမျိုးကို အားပေးတဲ့နည်းတွေက ဗုဒ္ဓဘာသာ အပေါ်မှာ လူ့အဖွဲ့အစည်း၊ နိုင်ငံတော်နဲ့ ဆက်ဆံတဲ့ နည်းလမ်းတွေကိုပါ ပြောင်းလဲပေးစေ နိုင်ပါတယ်။
ရှေးရိုးစွဲ မင်းဆရာဆိုတဲ့ အသုံးအနှုန်းကို လက်နက်သဖွယ် သုံးပြီး အုပ်ချုပ်သူတွေနဲ့ ဂိုဏ်းခေါင်းဆောင်တွေရဲ့ ချယ်လှယ်မှု လမ်းကနေ ဗုဒ္ဓဘာသာ ပညာသင်ကြားရေး စနစ်ကိုလမ်းကြောင်းပြောင်းသင့်ပြီး ဗုဒ္ဓရဲ့ ကာလမသုတ်နဲအညီ ဆောင်ရွက်သင့်ပါကြောင်း ယူဆမိပါတယ်။

http://www.maukkha.org/

ကျောင်းတွေမှာ ပြည်သူ့နီတိ သင်ကြားရေး

0 comments
“ပညာရေးဆိုတာ ဧကရာဇ်ကြီးဖြစ်ဖို့၊ တရားသူကြီး ဖြစ်ဖို့ မဟုတ်ပါ။ ပြည်သူပြည်သားကောင်း ဖြစ်အောင်လေ့ ကျင့်ပေးခြင်း” ပါတဲ့။
အတွေးအခေါ်ပညာရှင်ကြီး“ရူးဆိုး” (Rousseau) ရဲ့ ပညာရေးနဲ့ ဆိုင်တဲ့ အဆိုအမိန့်ပါ။ သူ့အဆိုဟာ ယနေ့အထိ မှန်ကန်နေဆဲပါ။ သူ့အဆိုကို ဘာထရန်ရပ်ဆဲလ်က“လူဆန်တဲ့ လူသားမွေးထုတ်ခြင်း” တဲ့။ ပညာရေးရဲ့ နောက်ဆုံးရလဒ်က ကောင်းမှု(ဓမ္မ)နဲ့ မကောင်းမှု(အဓမ္မ) တို့ကိုဝေဖန် ဆန်းစစ်နိုင်စွမ်းရှိပြီး အမှန်တရားကို သစ္စာခံတဲ့ ဘက်တော်သားဖြစ်လာကာ လောကကောင်းကျိုး စွမ်းစွမ်းတမံ သယ်ပိုးနိုင်သူ ဖြစ်လာခြင်းပါပဲ၊ အဲဒါမှ ပြည်သူ့သားကောင်း (good citizen)ပါ။
ပြည်သူ့နီတိ သင်ကြားရေး
ပြည်သူ့နီတိ သင်ကြားရေး
နိုင်ငံသားကောင်း၊ ပြည်သူ့သားကောင်း တစ်ယောက် ဖြစ်လာဖို့အတွက် ပြည်သူပြည်သားကောင်း တစ်ယောက် ရဲ့ အခွင့်အရေး၊ တာဝန်နဲ့ ၀တ္တရား၊ လေးစားလိုက်နာရမယ့် စည်းကမ်းတွေက ဘာတွေလဲ။ အဲဒါတွေ သိအောင်၊ ပြီးတော့လေးစားကာ လိုက်နာ ကျင့်သုံးအောင် ဘယ်လိုလုပ်မှာလဲ။ ပြည်သူပြည်သားကောင်းဆိုတာ တစ်ဦးတစ်ယောက်အတွက် မဟုတ်ပါ။ နိုင်ငံအတွင်းရှိ ဆူကြုံနိမ့်မြင့် နိုင်ငံသားအားလုံး အတွက်ပါ။ ပြည်သူပြည်သားကောင်း တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ နိုင်ငံကြီးသားစိတ်ထား အရည်အသွေးတွေပြည့်ဝမှ အဲဒီနိုင်ငံဟာ ငြိမ်းချမ်းမှု၊ သာာယာမှုနဲ့ ပြည့်စုံပြီး ဖွံ့ဖြိုးတိုးတက်မှုကို အင်နဲ့အားနဲ့ ဆောင်ရွက်နိုင်မှာ။ ပြည်သူလူထုကို နိုင်ငံသားကောင်းတွေ ဖြစ်လာအောင် အုံနဲ့ကျင်းနဲ့ အစုအဝေးနဲ့ လေ့ကျင့်ပေးနိုင်တဲ့လုပ်ငန်းက ပညာရေးပါပဲ။ ပညာရေးရဲ့ လုပ်ငန်းတွေ၊ မျှော်မှန်းချက်တွေကို ပြည့်ပြည့်၀၀ အကောင်အထည်ဖော်နေတဲ့ နေရာတွေကတော့ ကျောင်းတွေပါ။ မူကြို၊ မူလတန်းမှသည် ကောလိပ် တက္ကသိုလ် အမျိုးမျိုးအထိပါ။ များသောအားဖြင့် လူတွေက ထင်ကြပါတယ်။ ကျောင်းဆိုတာ “သင်” တဲ့နေရာ၊ အထူးသဖြင့် “စာသင်” တဲ့နေရာ၊ တကယ်တမ်းမှာ ကျောင်းဆိုတာ လူသားတစ်ဦးချင်းကို လူကောင်းလူတော် ဖြစ်အောင် လေ့ကျင့်ပေး၊ ပြင်ပေးတဲ့နေရာတွေမို့ ကျနော်တို့ ဆရာကြီးတွေက “လူပြင်” တဲ့ နေရာပါတဲ့။ လူကိုပြင်တယ်ဆိုတာ ရုပ်ဝတ္ထုလို ရိုက်နှက်၊ ထုထက် တပ်ဆင်လိုက်လို့ ပြီးတဲ့နေရာ မဟုတ်ပါ။ အကြိမ်ကြိမ် အထပ်ထပ်လေ့ကျင့်ပေးမှ ရတဲ့အရာပါ။ ဘ၀ တစ်လျှောက်လုံး လေးစားလိုက်နာကာ အထုံပါရမီလိုစွဲပြီး ကျင့်သုံး သွားသည်ထိ လေ့ကျင့်ပေးတာပါ။
ပြည်သူပြည်သားကောင်းဆိုတာ မိမိလိုက်နာရမယ့် ကျင့်ဝတ်ကို သိနေရုံနဲ့ မပြီးပါ။ လေးစားလိုက်နာ ကျင့်ကြံမှု နဲ့ ပြည့်စုံမှဖြစ်မှာပါ။ ပြည်သူပြည်သားကောင်းတစ်ယောက်အနေနဲ့ လေးစားလိုက်နာ တန်ဘိုးထားကျင့်သုံးရ မယ့်အရာမို့ “ပြည်သူ့နီတိ”(Civics) လို့သုံးနှုန်းတာပါ။ ကမ္ဘာ့နိုင်ငံများမှ ပညာရေးပညာရှင်တွေလက်ခံထားတာ က ပြည်သူ့နီတိနဲ့ ကျောင်းဆိုတာ ရုပ်နဲ့နာမ် (Body and Soul) လိုပါပဲ။ ခွဲခြားလို့ရကောင်းတဲ့အရာမဟုတ်ပါတဲ့။ ဘာလို့လဲဆိုတော့ ကျောင်းဆိုတာ ကလေးတွေကို ထူးချွန်ထက်မြက်တဲ့ ပြည်သူပြည်သားကောင်းဖြစ်အောင် လေ့ကျင့်ပေးတဲ့နေရာ ဖြစ်လို့ပါပဲ။ ဒါကြောင့်ပြည်သူ့နီတိဟာ ကျောင်းမှာ မိသားစုမှာ ရပ်ကွက်၊ ကျေးရွာ၊ မြို့တွေမှာ ဘုရားကျောင်းမှာ၊ အလုပ်ခွင်အသီးသီးမှာ ၊ ပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေမှာ၊ အားကစားအသင်း တွေ၊ မီဒီယာအမျိုးမျိုးတွေနဲ့ နောက်ဆုံးရွေးကောက်ပွဲတွေ၊ ရွေးကောက်ပွဲရဲ့စည်းရုံးရာမှာ မိမိရဲ့ကုန်ပစ္စည်း ကြော်ငြာအဆုံး ကျင့်သုံးလိုက်နာရမယ့် အရာပါ။ ပြည်သူ့နီတိဟာ တစ်ဦးချင်းမှသည် မိသားစု၊ မိသားစုမှသည် ကျောင်း၊ ရပ်ကွက်၊ အဖွဲ့အစည်းနှင့်နောက်ဆုံး မိမိနိုင်ငံနဲ့ ကမ္ဘာ့ရွာကြီးအဆင့်ထိ ကျင့်သုံးရမယ့် အသိနဲ့ အကျင့်ပါ။
ကျွန်တော်တို့ငယ်ငယ်တုန်းက ကျောင်းတွေမှာ ဆရာကြီးဦးအုန်းမောင်ရေးသားတဲ့ “ပြည်သူ့နီတိ” ကို မူလတန်းမှ အလယ်တန်းအထိ သင်ကြားခဲ့ရပါတယ်။ နံနက်ကျောင်းစတက်တဲ့အချိန်မှာ သင်ရတာပါ။ မူလတန်းမှာ “ပြည်သူ့နီတိ” (Civics) သက်သက်နဲ့ အလယ်တန်းမှာ “ပြည်သူ့နီတိနှင့်ကျန်းမာခြင်း” (Civics and hygiene) ဆိုပြီး သင်ကြားရပါတယ်။
ဆရာကြီးရေးတဲ့ မူလတန်း ပြည်သူ့နီတိအထဲမှာ ပေါင်းသင်းရေးနှင့် ပညာရေး၊ စည်းကမ်းသေ၀ပ်ရေး၊ မကောင်းမှုကို မပြုသင့်ကြောင်း၊ အချိန်မှန်ခြင်း၊ လမ်း၌ယဉ်ကျေးမှု၊ ကိုယ်ချင်းစာ၊ ၀တ္တရားရှိသူ၊ ယဉ်ကျေးမှု၊ မိဘစကား နာယူအပ်ခြင်း၊ တိရစ္ဆာန်များကို သနားခြင်း၊ ကျောင်းသမပါယမ၊ သက်ကြီးပူဇော်ပွဲ၊ ငယ်စဉ်က ပညာသင်အပ်ခြင်း၊ ကျောင်းတာဝန်ခွဲဝေမှု၊ ထမ်းဆောင်ခြင်း၊ ကျေးရွာတာဝန်ခွဲဝေထမ်းဆောင်ရေး၊ ခန္ဓာကိုယ် သန့်ရှင်ရေး၊ အ၀တ်သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် သန့်ရှင်းရေး၊ ယဉ်ကျေးမှုနှင့် သန့်ရှင်းရေး”…..စသည်ဖြင့် သင်ကြားခဲ့ရပါတယ်။
ထို့အတူ အလယ်တန်း ပြည်သူ့နီတိမှာတော့ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ပထမပိုင်းမှာ “အုပ်ချုပ်ရေး အခန်း”၊ ဒုတိယအပိုင်းမှာ “ကျန်းမာခြင်းပညာ”ဖြစ်ပါတယ်။ ပထမပိုင်းတွင် “ပြည်သူ့အခွင့်အရေးနှင့် ပြည်သူ့ ၀တ္တရား၊ ကျေးရွာသားနှင့် သူကြီးဝတ္တရား၊ ဆယ်အိမ်ခေါင်း၊ ရွာခေါင်း၊ ကျေးရွာကော်မတီ၊ မြို့ပြအုပ်ချုပ်ရေး၊ မြူနီစီပယ်၊ မြို့ကော်မတီ ပေါင်းသင်းဆက်ဆံရေးလုပ်ငန်းများ ဖြေဖျော်မှု၊ ပျော်ပွဲရွှင်ပွဲများ၊ ပညာရှာမှီရာဌာနများ စသည်တို့ရှိပါသည်။ ကျန်းမာခြင်းအပိုင်းမှာ “အဆောက်အဦး သန့်ရှင်းရေး၊ သွားကိုဂရုစိုက်ရန်၊ ကွမ်းစားခြင်း အပြစ်များ အိပ်စက်အနားယူခြင်း၊ မီးဖိုဆောင်၊ လမ်းဘေးဆေးဆိုင်၊ ကာလ၀မ်းရောဂါ၊ လေအကြောင်း၊ ပလိပ်ရောဂါ၊”စသည်တို့ပါ။ တော်သလောက် ကောင်းပြီး စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်သော ပြည်သူပြည် သားကောင်း တစ်ယောက်ပေါ်ထွန်း လာရေးပါ။ ကျွန်တော်တို့ကျောင်းတွေမှာ ပြည်သူ့နီတိဘာသာရပ်နှင့်ဝေးခဲ့ တာကြာပါပြီ။
နိုင်ငံတကာမှာ ပြည်သူ့နီတိကို ကျောင်းတွေမှာ သင်ကြားပေးတဲ့ရည်ရွယ်ချက်ကတော့ အဲဒီနိုင်ငံရဲ့ အနာဂတ်မှာ နိုင်ငံကြီးသားတွေ ပေါ်ထွန်းလာစေဖို့ပါ။ နိုင်ငံကြီးသားစိတ်ထား ကြွယ်ဝသူတွေအနေနဲ့ ပိုင်ဆိုင် ရမယ့်အရာတွေကတော့ -
(က) အသိတရားမြင့်မားစေခြင်း
၁။ စာရိတ္တ၏ တန်ဖိုး (ဥပမာ ရိုးသားမှု၊ လေးစားမှု၊ တာဝန်သိမှု၊ အကျင့်စာရိတ္တခိုင်မြဲမှု) ကိုသိရှိခြင်း
၂။ မိသားစုစိတ်ဓါတ် မြင့်မားမှုတန်ဖိုး (မိသားစုအချင်းချင်း မြတ်နိုးခြင်း၊ ဂရုစိုက်ခြင်း၊ မိသားစု၏ ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားခြင်း) ကို နားလည်ခြင်း။
၃။ အဖွဲ့အစည်းစိတ်ဓါတ် (အတန်းတွင်း၊ ကျောင်းတွင်း၊ ရပ်ကွက်တွင်း ပူးပေါင်းလုပ်ဆောင်မှု၏ တန်ဖိုးကိုသိရှိ လာခြင်း) ကိုသဘောပေါက်ခြင်း။
၎။ မိမိပတ်ဝန်းကျင်၏ လေးစားတန်ဖိုးထားခြင်းကို သိရှိလာခြင်း (အတန်း၊ ကျောင်း၊ ရပ်ရွာ ဂုဏ်တက်အောင် ပြုမှုဆောင်ရွက်လိုစိတ်)
၅။ ရိုးရာဓလေ့ ယဉ်ကျေးမှုကို လေးစားရမည်ဟူသော အသိရှိလာခြင်း။
၆။ အမျိုးသားစံနှုန်းနှင့် နိုင်ငံသားကောင်း တစ်ယောက်၏ အရည်အသွေများကို သိရှိလာခြင်း။
(ခ) မြင့်မားသည့် စိတ်သဘောထား ရှိခြင်း
၁။ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိစွာဖြင့် တာဝန်ကို ထမ်းဆောင်နိုင်ခြင်း။
၂။ တာဝန်သိ၍ တာဝန်ယူဆောင်ရွက်လိုစိတ် ရှီခြင်း။
၃။ အခက်အခဲကို နောက်မဆုတ်ဘဲ ရင်ဆိုင်ကျော်လွှားနိုင်ခြင်း။
၎။ သူတစ်ပါးအား ရိုင်းပင်းကူညီလိုစိတ် ပြည့်ဝခြင်း။
၅။ အသက်၊ ၀ါ၊ ပညာ၊ ဂုဏ်ကြီးသူကို ရိုသေလေးစားသည့် အလေ့အထရှိခြင်း။
၆။ လူအချင်းချင်း ဘ၀နောက်ခံမတူမှုနှင့် စရိုက်ကွဲပြားမှုများကို အသိအမှတ်ပြုခြင်း။
၇။ သူတစ်ပါးအောင်မြင်အောင် ကူညီစွမ်းဆောင်ပေးလိုခြင်း။
၈။ ကွဲပြားသောလူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို လေးစားတန်ဖိုးထားခြင်း။
၉။ ရပ်ရွာအကျိုး၊ လူထုအကျိုး၊ အဖွဲ့အစည်းကောင်းကျိုး သယ်ပိုးလိုစိတ် ပြင်းထန်ခြင်း။
၁၀။ လူမျိုးနဲ့ တိုင်းပြည်ကိုချစ်ပြီး ပြည်သူ့နီတိ ပြည့်ဝ၍ တာဝန်သိသော နိုင်ငံကြီးသား၏ အပြုအမူ အလေ့ အကျင့်ဖြင့် နေထိုင်ခြင်းတို့ ဖြစ်ပါသည်။
အထက်ပါအချက်အာလုံးကို ခြုံလိုက်လျှင် ကျောင်းတွေမှာ ပြည်သူ့နီတိ သင်ကြားရခြင်းရဲ့ နောက်ဆုံးရလဒ်က တော့
(က) နိုင်ငံသူနိုင်ငံသားကောင်း (Good citizen) (ခ) လူတော်လူကောင်း (Good person) (ဂ) ဒီမိုကရေစီ အကျင့်ကို လေးစားတန်ဖိုးထားသူ (သို့) ဒီမိုကရေစီဝါဒီကောင်း (Good democrat) တွေ ပေါ်ထွန်းလာခြင်းတို့ ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျောင်းကထွက်သွားတဲ့ လူငယ်တစ်ယောက်ကို လေ့ကျင့်ပေးလိုက်တဲ့ အရာအား လုံးအနက် ရင်ထဲ၊ ဦးနှောက်ထဲ စွဲကျန်ရစ်မယ့် အဓိကအရာကတော့ ပြည်သူ့နီတိပါပဲ။ ဆိုလိုတာက အဲဒီလူငယ် ဟာ ပြည်သူ့နီတိကို လေးစားလိုက်နာ ကျင့်သုံးသူ (Civic-minded person) ဖြစ်သွားဖို့ပါ။ ကမ္ဘာတစ်ဝန်းက လူ့အဖွဲ့အစည်းအားလုံးရဲ့ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်မှုကို အဲဒီလိုလူတွေကသာ ဆောင်ရွက်ကြမှာမို့ပါ။
ကျွန်တော်တို့ရဲ့ နိုင်ငံတော်က ချီတက်သွားနေတဲ့ လမ်ကြောင်းက ဒီမိုကရေစီလမ်းကြောင်းပါ။ ဒီမိုက ရေစီဟာ နိုင်ငံကြီးသား စိတ်ထားကြွယ်ဝတဲ့ ပြည်သူပြည်သားကောင်းတွေနဲ့မှ အောင်အောင်မြင်မြင်ကျင့်သုံးနိုင် မှာ။ ဒါ့ကြောင့် နိုင်ငံတကာ ကျောင်းတွေမှာ ပြည်သူ့နီတိ သင်ကြားပေးတာဟာ “ဒီမိုကရေစီအလေ့အကျင့်ရ အောင် လေ့ကျင့်ပေးတာပါပဲ၊ ထို့အတူ ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေက ကျောင်းတွေမှာ ပြည်သူ့နီတိသင် ကြားပေးတာဟာ“နိုင်ငံရေးကောင်းဖို့” ပါတဲ့။ ပြည်သူ့နီတိ ကုံလုံတဲ့ နိုင်ငံသာတွေပေါပါမှ ဒီမိုကရေစီရဲ့“စံ” ၊ အနှစ်သာရကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်လို့ပါ။
ကလေးငယ်တွေဟာ ပြည်သူ့နီတိသင်ကြားပေးမှုကင်းမဲ့ခဲ့ရင် ကြီးနိုင်ငယ်ညှဉ်းနဲ့ အတ္တစိတ်ထားကြီးသူ၊ စာနာစိတ်မဲ့သူ၊ စည်းကမ်းမလေးစားသူ၊ တာဝန်မသိတတ် သူတွေအဖြစ် ကြီးပြင်းလာမှာပါ။ အဲဒီစိတ်ထားဟာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ မရှိအပ်တဲ့ စိတ်ထားနဲ့ အကျင့်ပါ။ အဲဒီသူတွေလက်ထဲ ဒီမိုကရေစီ ရောက်သွားလို့ ကတော့ ၀ရုန်းသုန်းကား ဒီမိုကရေစီပဲဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ မျှော်မှန်းတာက “စံပြည့် ဒီမိုကရေစီ လူ့ဘောင်”ပါ။
အဲဒီလိုဖြစ်ဖို့ကတော့ ပြည်သူပြည်သားကောင်း၊ လူတော်၊ လူကောင်းနဲ့ ဒီမိုကရေစီ ၀ါဒီကောင်း တွေ လေ့ကျင့်ပေးနိုင်စွမ်း ရှိတဲ့ “ပြည်သူ့နီတိ” ဘာသာရပ်ကိုကျောင်းတွေမှာ (အထူးသဖြင့် မူလတန်းနဲ့ အလယ်တန်းကျောင်းအဆင့်) မဖြစ်မနေ သင်ကြားပေးဖို့ လိုတဲ့အချိန်ပါ။ ဒါမှမြန်မာတို့ရဲ့ “စံပြည့် ဒီမိုကရေစီ နိုင်ငံဆီသို့ ချီတက်ပွဲ” မှာ ဆူးညှောင့် ခလုပ် ကန်သင်း ကင်းကင်းနဲ့ အေးချမ်းသာယာစွာ ချီတက်နိုင်မှာပါ။
ဒေါက်တာမောင်သင်း
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၄၅
၂-ဇွန်-၂၀၁၁
http://www.maukkha.org မှကူးယူဖေါ်ပြသည်။

မြန်မာစာကို ချောင်ထိုးပစ်မှာလား

0 comments
ယနေ့ မြန်မာကလေးတွေ၊ အရွယ် အသင့်တင့် ရောက်နေတဲ့ မြန်မာ ကျောင်းသားလေးတွေရဲ့ မြန်မာ စာ အရေးအဖတ် ဘယ်လိုများ ရှိမလဲလို့ စောင်းငဲ့ ကြည့်မိသူ တိုင်း၊ မြန်မာစာကို အခြားဘာသာတွေနဲ့စာရင် လေ့လာမှု အတော်နည်းနေတာ၊
သုံးနှုန်းပြောဆိုပုံ ဆင်းရဲတာကို စိတ်မကောင်းကြီးစွာနဲ့ တွေ့နေရပါတယ်။
ပြည်တွင်းက တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကို ပြန်ကြည့်ရင် မြန်မာစာ ဂုဏ်ထူးထွက်သူ အရေအတွက်ဟာ အခြားဂုဏ်ထူးထွက်သူ အရေအတွက်ထက် အလွန်နည်းပါတယ်။ အောင်မှတ်တွေကို ကြည့်ရင် မြန်မာစာရဲ့ အောင်မှတ်က တခြား ဘာသာတွေရဲ့ အောင်မှတ်ထက် နည်းနေပါတယ်။ မြန်မာစာကို အသင်အပြကောင်းတဲ့ ဆရာဆိုလည်း အခြားဘာသာ အသင်ကောင်းတဲ့ ဆရာအရေအတွက်ထက်  နည်းကြပါတယ်။
မြန်မာစာမှာ အမှတ်နည်းတာလောက်ကို ကျောင်းသားတွေစိတ်ထဲ သိပ်အလေးထားပုံ မပေါ်ဘူး။ တက္ကသိုလ် ရောက်ပြန်တော့လည်း မြန်မာစာယူဖို့ စဉ်းစားတဲ့ ကျောင်းသားက အခြားဘာသာယူသူတွေထက် နည်းနေပြန်ပါကော။ မြန်မာစာအပေါ် ရည်ရွယ်ချက်ကြီးသူ၊ ၀ါသနာထုံသူ၊ မြန်မာစာသဘောကို နက်နက်နဲနဲ တီးခေါက်မိသူတွေသာ မြန်မာစာဘာသာရပ်ကို အဓိကဘာသာ အဖြစ်ယူကြတယ်။
ကျွန်တော်တို့ သူငယ်တန်းကျောင်းသား ဘ၀တုန်းက ၀ လုံးကို ကျောက်သင်ပုန်းမှာ ကျောက်တံနဲ့ အကြိမ်ကြိမ် ရေးကြရတယ်။ ကျောင်းမှာလည်းရေး၊ အိမ်မှာလည်းရေး အမေနဲ့ အဖေက ၀ိုင်းကူပေးသေးတယ်။ ဗျည်းသရတွေ စနစ်တကျ ဆွဲနိုင်ဖို့ ကျောင်းမှာဆို ဆရာတွေက လက်ထပ်လို့သင်ပေး။ အိမ်မှာဆို မိဘ တွေက ကြပ်မတ်ပေး။ လေးကြောင်းမျဉ်းနဲ့ လက်ရေးလှဖို့ကိုလည်း သင်ခဲ့ရသေးတယ်။ ကဗျာဆိုရင်လညှ်း လက်ဟန်ခြေဟန်၊ အမူအယာ မှန်မှန်နဲ့တစ်တန်းလုံး ယိမ်းကနေသလို  ဆိုခဲ့ရသေးတယ်။ မြန်မာစာဆို အရေးလည်းပျော်ခဲ့၊ အဖတ်လည်း ပျော်ခဲ့ကြရတယ်။ ငယ်ငယ်က ဆိုခဲ့ ရတဲ့ ကဗျာတွေကို ဒီနေ့အထိ အလွတ်ရနေတုန်းပဲ။
သုံးတန်း လေးတန်းရောက်ပြန်တော့ ရာသီအလိုက် လ အလိုက်ကျင်းပတတ်တဲ့ ပွဲတော်တွေကို အကြောင်းပြုလို့ လစဉ်နီးပါး အနည်းဆုံး စာစီစာကုံး တစ်ပုဒ်ရေးရတယ်။ ဆရာက ခေါင်းစဉ်ပေးတယ်၊ ရေးသားတဲ့ အချက်အလက်တွေ ကို ကျောင်းသားတွေနဲ့ ယှဉ်ပြီး တွေးစေတယ်။ ကျောင်းသားတွေ ဘာရေးမလဲဆိုတာကို ဆွဲထုတ်ခိုင်းတယ်။ ကျောင်းသား တွေဆီက တစ်ယောက်တစ်မျိုးဆီ အချက်အလက်တွေက ထွက်လာတယ်။
စာစီစာကုံး ခေါင်းစဉ်နဲ့ ကိုက်ညီတဲ့ အချက်အလက်တွေလည်း ထွက်လာသလို၊ မကိုက်ညီတဲ့ အချက်အလက်တွေလည်း ထွက်လာတယ်။ ကိုက်ညီတဲ့ အချက်အလက်တွေကို စုစည်းပေးပြီး ခေါင်းစဉ်နဲ့ မကိုက်ညီသော အချက်အလက်များကို ဘယ်လို အခါမျိုးကျမှ ရေးသင့်ကြောင်း၊ ဘယ်လိုခေါင်းစဉ်နှင့်ကျမှ သုံးသင့်ကြောင်း ညွှန်ကြားပြီး အိမ်စာပေးလိုက်တယ်။ လိုအပ်ရင် မိဘများထံမှ အကြံညဏ်များကိုလည်း ရယူနိုင်ကြောင်း မှာကြားလိုက်သေးတယ်။
ဒီလိုနဲ့ ကျွန်တော်တို့ လစဉ် စာစီစာကုံး ရေးဖြစ်ကြတယ်။ ကျောင်းရောက်တော့ ယောက်ျားလေးထဲက အကောင်းဆုံး စာစီစာကုံးတစ်ပုဒ်နဲ့ မိန်းကလေးထဲက အကောင်းဆုံး စာစီစာကုံး တစ်ပုဒ်ကို ရွေးချယ်ပြီး ဂုဏ်ပြုတဲ့ အနေနဲ့ ဆရာကိုယ်တိုင် ဖတ်ပြတယ်။ ဆရာက လက်ရေးလှဖို့ကိုလည်း တိုက်တွန်းရင်း အားပေးတယ်။
သတင်းစာ မဂ္ဂဇင်းတွေမှာလို စာပုဒ် ဖြတ်တောက်ရေးနည်း တွေနဲ့ ရေးရတယ်။ အာဇာနည်နေ့တို့လို၊ အမျိုးသားအောင်ပွဲ နေ့တို့လို၊ စာဆိုတော်နေ့ အထိမ်းအမှတ် နေ့မျိုးတွေ မှာဆို နံရံကပ်စာစောင် အစီအစဉ်တွေလည်း ရှိခဲ့တယ်။ စာကြည့်တိုက် လည်း ထားပေးတယ်။ ရံဖန်ရံခါကျင်းပတဲ့ စကားရည် လုပွဲတွေ၊ ကျဗန်းစကားပြော ပြိုင်ပွဲတွေလည်း ရှိခဲ့တယ်။
နှစ်သက်ဖွယ် အကောင်းဆုံးကတော့ နာမည်ကျော် စာရေးဆရာ ကြီးတွေရဲ့ စာပေဟောပြောပွဲတွေပဲ ဖြစ်တယ်။ ကျောင်းတွင်း မှာကော၊ ရပ်ကွက်များမှာပါ ကျင်းပကြပါတယ်။ အထူးသဖြင့် စာဆိုပွဲရာသီ နတ်တော်လမှာဖြင့် စာပေဟောပြော ပွဲတွေဟာ ဟိုနေရာတစ်ပွဲ ဒီနေရာတစ်ပွဲ မနည်းပါပဲ။
အဲဒီအချိန်များမှာဆို ခေတ်ပေါ်တေးဂီတ concert ပွဲတွေကလည်း တစ်ဖက်၊ မြန်မာ့စာပေ ဟောပြောပွဲတွေကလည်း အဲဒီပွဲ ပရိတ်သတ်နဲ့အပြိုင် ရှိနေကြတယ်။ မြန်မာ့စာပေ ပရိတ်သတ်ရဲ့အားဟာ အားရလောက်ပါတယ်။ သက်ကြီးစကား သက်ငယ်ကြားဆိုသလို ၀ါရင့်စာရေး ဆရာကြီးများရဲ့ အဟောအပြော ဆိုဆုံးမစကားများဟာ လူငယ်တွေအတွက် အတုယူ မှတ်သားစရာများပါ။ လူငယ်တွေရဲ့ ချော်နေတဲ့ လမ်းတွေကို တည့်ပေးတယ်။ မှားနေတဲ့ အတွေးတွေကို အမှန် တွေးနိုင်အောင် ပြင်ပေးတယ်။ လူကြီးတွေရဲ့ မှားခဲ့တာတွေကိုလည်း သင်ခန်းစာအဖြစ် ရယူနိုင်ခဲ့တယ်။ လူငယ်တွေက ဟောပြောသူ ဆရာကြီးတွေကို အားကျလာကြတယ်။ သူတို့လို တတ်ချင် ပြောချင် လာကြတယ်။
အဲဒီအခါ လူငယ်တွေမှာ စာဖတ်ချင်စိတ်တွေ နိုးကြားလာကြတယ်။ ရပ်ကွက် စာကြည့်တိုက်တွေလည်း ဟိုတစ်ကွက် ဒီတစ်ကွက် ရှိနေကြသလို စာဖတ်သူတွေလည်း များပြားလာကြတယ်။ အဲဒီမှာ လူငယ်တွေဖြစ်တဲ့ ကျွန်တော်တို့ဟာ ထိုစာရေးဆရာကြီးများကို လေးစားအားကျစိတ်များ တဖွားဖွားပေါ်လာပြီး၊ သူတို့ရဲ့ အရေးအသား သူတို့ရဲ့ အတွေးများကို နားထဲဆွဲနေကြတာမို့၊ အခုလိုအချိန်မှာ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် တပည့်များကို အခါအားလျော်စွာ စာသင်ခန်းကနေ လက်ဆင့်ကမ်း မျှဝေနိုင်ခဲ့ကြပါတယ်။
ယခုကာလကို ပြန်ကြည့်ရင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျန်တာတွေ အားလုံးအောင်ပြီး မြန်မာစာ တစ်ဘာသာထဲကျတဲ့ ကျောင်းသားတွေ ရှိနေပါတယ်။ တချို့ကျောင်းသားတွေဆို ကိုယ့်လက်ရေးကိုတောင် ကိုယ်ပြန်မဖတ်တတ်တဲ့ အဆင့်ထိ အလွန်ဆိုးဝါးနေပါတယ်။ လစဉ်အလိုက်၊ စာစီစာကုံးရေးသံတွေ မကြားရတော့ပါဘူး။ စာမေးပွဲရောက်မှသာ စာစီစာကုံးကို ဖြစ်သလို ရေးကြပါတယ်။ နံရံကပ်စာစောင် အစီအစဉ်တွေလည်း ပျောက်သွားပါပြီ။
အပြောအဆိုလွတ်လပ်ခွင့် မရတဲ့ နိုင်ငံအတွက် စာပေဟောပြောပွဲဆိုတာကလည်း ကွက်ကျားမိုးလို ပါပဲ။ နားရှိသော်လည်း မကြားရ။ မျက်စိရှိသော်လည်း မမြင်ရတဲ့ မြန်မာကျောင်းသားတို့ရဲ့ ဘ၀ဟာ လမ်းပြမယ့်သူတွေ ပျောက်ခြင်းမလှ ပျောက်နေပါတယ်။
နောက်ဆုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာမေးပွဲအထူးထုတ်ပါ စာစီစာကုံးတွေ အလွတ်ကျက်ပြီး မေးခွန်းနဲ့ တိုက်ဆိုင်ရင်ဖြေ၊ မတိုက်ဆိုင်ရင် ဖြစ်သလို ရေးထားခဲ့ကြတာပါပဲ။ လမ်းညွှန်မှုတွေနည်း၊ လမ်းပြကြယ်တွေနည်းတဲ့ ကာလမှာ အတွေးနည်းလို့ အရေးနည်း လာကြတဲ့အတွက် မြန်မာကျောင်းသားတွေ မြန်မာစာအရေး အလွန်ကို နည်းလာကြပါတယ်။
ထို့အတူပဲ နယ်စပ်က မိုင်းဂရန့် ကျောင်းတွေမှာလည်း မြန်မာစာအပေါ် စိတ်ဝင်စားမှုတွေ နည်းနေတာကို တွေ့ရတယ်။ အချို့ကျောင်းသားများက စကော်လားရှစ် ပညာရေးကို လိုက်ကြတော့ မြန်မာစာ မသင်ချင်ကြတော့ဘူး။ အင်္ဂလိပ်စာကိုသာ ဦးတည်ပါတော့တယ်။ မြန်မာစာကို ထဲထဲဝင်ဝင်သင်ပေးနိုင်တဲ့ ဆရာကလည်း ရှားလာတယ်။ ပြည်တွင်းက သင်ရိုးကုန် အထူးထုတ်ကိုကိုင်၊ အထူးထုတ်ပါအတိုင်း စာခေါ်ပေး၊ ကျောင်းသားတွေက လိုက်ရေးကြ။ ပြီးရင် အလွတ်ကျက်၊ ဒီစနစ်နဲ့သွားနေတာက များနေတယ်။
အထူးထုတ်တွေမှာ အမှားပါလေ့ပါထ ရှိကြတယ်။ အထူးထုတ်ကို လုံးဝဥဿုံ အားမကိုးသင့်ပါဘူး။ အရန်အကူအဖြစ် ထားချင်ထားပါ။ ဆရာကိုယ်တိုင်ကလည်း ကိုယ်ပိုင် အတွေးအခေါ် သင်ပေးသင့်ပါတယ်။ မြန်မာစာ အသင်အပြ ကောင်းရင် ကျောင်းသား မပြောနဲ့ ကြားသူပတ်ဝန်းကျင်ကပင် နားထောင်ချင်တဲ့ ဘာသာရပ်မျိုးပါ။ လက်ရေးလက်သား ကလည်း ကန်စွန်းရွက်သည် အကြွေးတောင်းတဲ့ လက်ရေးနဲ့ သတ်ပုံမျိုး မဖြစ်အောင် ဆရာကိုယ်တိုင် ရှောင်ကြဉ် ရပါမယ်။ တပည့်ကျောင်းသားသည် ဆရာကို စံပြု အတုယူရမှာ ဖြစ်လို့ ဆရာရဲ့ အရည်အချင်းဟာ အဓိက ဖြစ်နေပါတယ်။
မြန်မာစာ ဆရာတွေကိုယ်တိုင် သင့်တင့် လျောက်ပတ်တဲ့ စာစီစာကုံးမျိုး ရေးနိုင်ကြဖို့လည်း လိုအပ်ပါတယ်။ နယ်စပ်က မိုင်းဂရန့်ကျောင်းတွေကတော့ နေ့ထူးနေ့မြတ်တွေမှာ မြန်မာစာနဲ့ ပတ်သက်တဲ့ အရေးအပြောအဆို ပြိုင်ပွဲများ ရှိနေတာမို့ မြန်မာစာအတွက် အားတက်ရမယ့် အချက်တစ်ချက် ဖြစ်ပါတယ်။
သို့သော် ကျောင်းတိုင်းကျောင်းတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ရေး အတွက် ကျောင်းတိုင်းရှိ  ကိုယ်စားလှယ်များပါဝင်တဲ့ အဖွဲ့အစည်းတစ်ရပ်ကိုလည်း ဖွဲ့စည်း ထားသင့်ပါတယ်။ ကြိုတင်လေ့ကျင့်ဖို့ အချိန်ပေးခြင်း၊ ပြိုင်ပွဲအတွက် ကြိုတင် အကြောင်းကြားခြင်း၊ ကျောင်းတိုင်းပါဝင်လာအောင် ဆွဲဆောင်ပေးခြင်း အထူးလိုအပ် ပါလိမ့်မယ်။ စာမေးပွဲတစ်ခါလာမှ စာစီစာကုံးတခါ ဖြေရတဲ့ အဖြစ်မျိုး မဖြစ်သင့်ပါဘူး။
မြန်မာအချို့ဟာ  ခွင့်တိုင်စာကိုပင် အဆင်ပြေပြေ ဆ်ီလျော်အောင် မရေးနိုင်ကြပါဘူး။ ဒီအထဲမှာ အချို့ ဆရာတွေလည်း ပါနေပါတယ်။ ဒီလိုဖြစ်ရတာ မြန်မာစာ အရေးအသား အလေ့အထ နည်းလို့ပါ။ ရေးမယ်ဆိုရင် တွေးရပါမယ်။ မတွေးရင် အရေးမပီပြင်ပါဘူး၊။ အတွေးကောင်းရင် အရေးကောင်းလာတတ်ပါတယ်။ ကိုယ်တိုင်တွေးပါမှ  တပည့်များအတွက် အတွေးလမ်းကြောင်းကို ဖွင့်ပေးနိုင်မှာ ဖြစ်တယ်။ မည်သည့်ဘာသာရပ်မဆို တွေးဖို့ အတွေးအခေါ် မှန်ကန်ဖို့ လိုပါတယ်။ အတွေးမှန်မှ အရေးမှန်၊ အတွက်အချက်လည်းမှန်မှာ ဖြစ်တယ်။
ဒါကြောင့် ဆရာကိုယ်တိုင် စတွေးနိုင်ပါမှ ကျောင်းသားလည်း တွေးလာနိုင်မှာ ဖြစ်တယ်။ ကျောင်းသားတွေးနိုင်ဖို့ ဆရာကိုယ်တိုင်က ရေလာမြောင်းပေးစကား ပြောပေး သင့်တယ်။ မိုင်းဂရန့် ပညာရေးဝန်ထမ်းတွေအတွက် BMTA ကကြီးမှူးကျင်းပပေးလေ့ရှိတဲ့ ဒေါက်တာသိန်းလွင်ရဲ့ RWCTသင်တန်းက ဆရာတွေရဲ့ အတွေးဓားကို ထက်စေမယ့် ဓားသွေးကျောက် တစ်လက်ပါပဲ။
ဘာသာရပ်တိုင်းမှာ ဘာကိုရည်ရွယ်ပြီး ဒီအကြောင်းအရာကို သင်ရတာလဲ၊ ဘယ်မှာ အသုံးပြုမှာလဲ၊ ဘာကြောင့် အသုံးပြုရမှာလဲ၊ လူ့လောကအတွက် ဘယ်လို အကျိုးရှိသလဲ၊ ဒါတွေကို ကျောင်းသားများ ဆက်စပ်တွေးခေါ် လာနိုင်အောင် သင်ပေးကြရမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက စာလုံးပေါင်းသတ်ပုံကိစ္စ ဖြစ်ပါတယ်။ လူငယ်ဆရာတစ်ဦးက ပြောပါတယ်။ အိမ်ကို ‘မ’သတ်နဲ့ပဲအိမ်အိမ် ‘န’သတ်နဲ့ပဲအိမ်အိမ် ကျောင်းလို့တော့ ဘယ်သူမှ မဖတ်ပါဘူးတဲ့။
သူပြောလိုတာက စာလုံးပေါင်းသတ်ပုံအရေးမကြီးဘူး။ ဖတ်လို့နားလည်ရင် ပြီးရောဆိုတဲ့ သဘောပဲပေါ့။ ဒါဆိုရင် အဲဒီဆရာကို ကျွန်တော်ပြောလိုက်ချင်တယ်၊ ခင်ဗျားကိုယ်တိုင် စာလုံးပေါင်းသတ်ပုံ အမှားများနဲ့ ရေးထားတဲ့ စာအုပ်တစ်အုပ်လောက် လူတွေဖတ်ဖို့ ထုတ်ကြည့်ပါလားလို့ အဲဒီလိုပဲ တိုက်တွန်းချင်ပါတယ်။
တချို့ တိုင်းတစ်ပါးသားတွေ မြန်မာစာကို အထူးပြု လေ့လာနေကြပါတယ်။ မြန်မာစာကို မြန်မာတွေထက် ပိုသိပိုတတ်တဲ့ နိုင်ငံခြားသားတွေ ဟိုးအရင် ကတည်းက ယနေ့ထိတိုင် ရှိနေပါတယ်။ ကျွန်တော်မိတ်ဆွေ တစ် ယောက်က တရုတ်ပြည်ကလာလည်တဲ့ သူ့ဧည့်သည်ကို ရွှေတိဂုံဘုရားလိုက်ပို့တော့ ဘုရားစောင်းတန်းက အ ဆင်းမှာ သူတို့လျှောက်ခဲ့တဲ့ လမ်းကို လက်ညိုးထိုး ပြီး ဒါကို မြန်မာလို ဘယ်လို ခေါ်သလဲလို့ မေးတယ်။ ကျွန်တော့် မိတ်ဆွေ မြန်မာပြည်ဘွဲ့ရက လှေကားလို့ အလွယ်တကူ ဖြေလိုက်တယ်။ ချက်ချင်းပဲ တရုတ် ဧည့်သည်က မဟုတ်ဘူး၊ လှေကားထစ်လို့ ပြန်ပြင် ပေးလိုက်တော့မှ မြန်မာအိမ်ရှင် ဆင်ခြင်မိပါတော့တယ်။
ယနေ့ထိုင်းနိုင်ငံရဲ့ ပညာရေးစီမံကိန်းမှာ မိခင်ဘာသာ ရပ်အပြင် အင်္ဂလိပ်စာနဲ့ အိမ်နီးချင်းနိုင်ငံတို့ရဲ့ ဘာသာစကား၊ စာတွေကို (အထူးသဖြင့် မြန်မာစာကို) သင်နေကြပါပြီ။ နိုင်ငံရေး၊ စီးပွားရေး အတွက် အထူးမောင်းနှင်အားကို သိနေကြပါပြီ။ မြန်မာလူမျိုးတစ်ယောက် အင်္ဂလိပ်စာ essay တစ်ပုဒ် ရေးမယ်ဆိုရင်တောင်၊ နံပါတ်တစ် မြန်မာလိုတွေးလို့ မြန်မာလိုရေးဖို့ ရှေ့ပြေးလိုအပ်မယ် ထင်ပါတယ်။ ထိုမှတဆင့် အင်္ဂလိပ်လို ရေးဖြစ်ရင် ပိုမိုကောင်းမွန်တဲ့ essay ဖြစ်လာမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာဖြစ်နေလို့ပါ။ မြန်မာနဲ့ နီးစပ်တာ မြန်မာစာပဲ မဟုတ်ပါလား။ မြန်မာစာကို ဂဃနဏ ရေးနိုင်တဲ့ အချိန်ကိုရောက်မှ အင်္ဂလိပ် လိုရေးရင် အဆင်ပြေချောမောနိုင်ပါလိမ့်မယ်။
ကမ္ဘာကြီးက ယခင်က ရေခြားမြေခြား အရှေ့ အရပ်၊ အနောက်အရပ် ခြားနေခဲ့တယ်။ ဒါပေမဲ့ အသိပညာ၊ အတတ်ပညာ ထွန်းကားတဲ့ ယခုလို အိုင်တီခေတ်ကြီးမှာ ရေကိုတားသော် အကြားမရှိသကဲ့သို့ နည်းပညာတွေကြောင့် ကမ္ဘာမြေကြီးကို ဟိုဘက်ဒီဘက်ခြားလို့ မရနိုင်တော့ပါ။
ယဉ်ကျေးမှု ဘာသာစကားတို့မှာ တစ်နေရာနဲ့ တစ်နေရာ ကူးလူးယှက်ဖြာနေပြီး၊ လူနေမှုဘ၀တွေ အင်မတန် တိုးတက်လာနေချိန်မှာ ဘာသာစကား စာမျိုးစုံတို့ကို တတ်မြောက်ထားဖို့ လိုပါတယ်။ နောက်ပြီး မိမိအမျိုးသား စာကိုလည်း အခြားသော ကမ္ဘာသူကမ္ဘာသားများကို  ဦးဆောင်ဖြန့်ဝေ ပေးရမှာဖြစ်လို့ မိမိအမျိုးသားစာကို မိမိကိုယ်တိုင် ချစ်မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်လို့ တတ်မြောက်အောင် အပတ်တကုတ် သင်ကြားနေဖို့ လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။         ။
ဆရာဌေး (B.H.S.O.H)









မောက္ခပညာရေးဆိုက်မှကူးယူတင်ပြသည်။ 

Myanmar Celebrates Buddha Day on Kasone Full Moon